Thursday, May 19, 2016

ရွှေဥဒေါင်း စာစုများ

ကြေကွဲဖွယ်သော အခြင်းအရာ

ကသာ မြို့သူမြို့သားများသည် သင်္ဘောပေါ်မှာ ပစ္စည်းများကို ရကြ၍ ပျော်ရွှင်လျက်ရှိကြစဉ် သင်္ဘောပေါ်မှ ဆင်းလာကြသည့် ကော်ရင်ဂျီခရီးသည်များ၏ သနားဖွယ်အဖြစ်အပျက်ကိုလည်း ကျွန်ုပ်တွေ့မြင်ရ၏။ တစ်ရာခန့်မျှရှိသော ကော်ရင်ဂျီကုလားများသည် (ကူလီများ ဖြစ်ကြဟန်တူသည်။) ပစ္စည်းများကို ထမ်းသူကထမ်း၊ ရွက်သူကရွက်၊ ကလေးများကို ချီသူကချီ၊ ပွေ့သူကပွေ့၊ လက်ဆွဲသူကဆွဲလျက် ကမ်းပေါ်သို့ တက်လာကြပြီးလျှင် အနောက်စူးစူးသို့ စီတန်းကာ သွားကြလေ၏။ ၄င်းတို့သည် ကသာမြို့မှ 'တမူးခမ်းပ'သို့ ရောက်အောင်သွား၍ ၄င်းမှ အိန္ဒိယပြည်သို့ ၀င်ကြမည်ဆို၏။

ကျွန်ုပ် စုံစမ်းသိရှိရသည်မှာ ဗမာပြည်သို့ ဂျပန်ဝင်လာသောအခါ ကော်ရင်ဂျီကုလားများသည် ကူလီအဖြစ်နှင့် အသုံးဝင်ကြမည်ဖြစ်သောကြောင့် ထိုကဲ့သို့ အသုံးမချနိုင်စေရန် အင်္ဂလိပ်အရာရှိများက ၄င်းတို့အား ချောက်လှန့်၍လွှတ်ပြီး ကသာထိအောင် သင်္ဘောများနှင့် လိုက်ပို့ခြင်းဖြစ်သည်ဟု ဆို၏။ ချောက်လှန့်ပုံကား ဂျပန်ဝင်လာလျှင် ၄င်းတို့အားလုံး သတ်ပစ်လိမ့်မည်ဟု ပြောသည်ဆို၏။ ထို့ကြောင့် လုပ်မှကိုင်မှ စားကြရရှာသော ကော်ရင်ဂျီကုလားများသည် ဘာပစ္စည်းမျှ ယူပြေးစရာမရှိဘဲ အသက်ဘေးအတွက် ပြေးလာရှာကြသည်နှင့် ဤရှည်လျားခက်ခဲသော 'တမူး'ခရီးကို ရိက္ခာမပါဘဲသွားဖို့ ကြံစည်ရှာကြခြင်းဖြစ်လေသည်။ ဤနေရာ၌ အထူးကြေကွဲဖွယ်ကောင်းသော အခြင်းအရာတစ်ခုကို တင်ပြလို၏။ ခရီးသည်များအနက်တွင် အသက်၅၀ကျော်ခန့်ရှိ၍ ကျန်းမာပုံမရသော ကုလားမကြီးတစ်ယောက်သည် တိုလီမိုလီပစ္စည်းများ ထည့်ထားသော သွပ်ပုံးတစ်ပုံးကို ဘယ်လက်ညာလက်ပြောင်းကာဆွဲလျက် နှစ်ဘက်လုံးညောင်းသောအခါတွင် မြေပေါ်၌ ချ၍နား၏။ ဘယ်ရောညာပါ ပြောင်းဆွဲကာမှ ပေ၂၀၀ခန့်လောက်သာ ရောက်နိုင်သဖြင့် ချ၍နားရပြန်၏။

လက်နှစ်ဘက်ညောင်းအောင် ဆွဲကာမှ ပေ၂၀၀ခန့်မျှသာ ရောက်နိုင်၍ တစ်ထောက်ချပြီးနားရသော ဤမိန်းမကြီးသည် 'တမူး'ခရီးကို မည်သည့်နည်းနှင့် ရောက်အောင်သွားနိုင်ရှာပါလိမ့်မည်နည်း။ နောက်ပိုင်း၌ ကျွန်ုပ်ကြားသိရသော သတင်းအရမှာ ၄င်းတို့သည် အိန္ဒိယသို့ မရောက်ဘဲ လမ်းခရီးတွင် အစာပြတ်၊ ရေငတ် ရောဂါကပ်ပြီး ဖတ်ဖတ်မောသည်နှင့် ရာခိုင်နှုန်း ၉၀ မက သေကုန်ရှာကြသည်ဟု ဆိုလေသည်။ ဆိုးယုတ်လှသော နယ်ချဲ့သမားများပေတကား။ ဂျပန်က ကော်ရင်ဂျီကို သတ်ပစ်လိမ့်မည်မဟုတ်ကြောင်း သိလျက်နှင့် ချောက်လှန့်ကာ သေလမ်းသို့ ပို့ရက်သည့် နယ်ချဲ့သမားတို့၏ လောဘဇောပေတကား။ ကျွန်ုပ်သည် ကော်ရင်ဂျီခရီးသည်များဘက်သို့ နောက်ဆုံးမျှော်ကြည့်လိုက်သောအခါ ကုန်းမြင့်ဘက်သို့ တရွေ့ရွေ့တက်နေကြသော ကော်ရင်ဂျီတန်းကြီးကို မြင်ရ၍ ၄င်းတို့အနက် သွပ်ပုံး ပေ၂၀၀လောက် ရွေ့တိုင်းရွေ့တိုင်း တစ်ခါတစ်ခါချ၍ နားရရှာသော ကော်ရင်ဂျီမကြီးအား အထူးကရုဏာဖြစ်ကာ ရင်လေးမိပါတော့သည်။
(တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များမှ)

No comments:

Post a Comment